တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား
ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်
ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။
အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။
( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )

တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား စကား-နှင့်
ပတ်သက်၍ ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာဆိုအပ်သည်မည်၏။
မကောင်းသဖြင့် ဆိုအပ်သည် မမည်။ အပြစ်လည်း မရှိ။ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။
အင်္ဂါငါးမျိုးဟူသည်-
၁။ အခါအားလျော်စွာ ပြောဆိုအပ်၏။
၂။ မှန်ကန်သောစကားကို ပြောဆိုအပ်၏။
၃။ သိမ်မွေ့သောစကားကို ပြောဆိုအပ်၏။
၎။ အကျိုးစီးပွားနှင့် စပ်သောစကားကို ပြောဆိုအပ်၏။
၅။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ၀ါစာသုတ် )

No comments:
Post a Comment